ရှင်းရှင်းလင်းလင်း၊မှန်မှန်ကန်ကန် နဲ့ သွက်သွက်လက်လက် English စကား ပြောတတ်ဖို့
TOFLAရဲ့ ရည်ရွယ်ချက်တွေထဲမှာ တခု က…လူငယ်တွေ English စကားကို လွယ်လွယ်ကူကူ နဲ့ မှန်မှန်ကန်ကန်ပြောတတ်စေချင်တာပါ။ English ဘာသာကို တဖက်ကမ်းခတ် တတ်ကျွမ်းဖို့ မရည်ရွယ်ပါဘူး။ ဘာသာစကား တစ်ခုကိုတတ်ဖို့ ဆိုတာကလဲ ဘယ်လွယ်မှာလဲ။ တသက်လုံးလောက် သင်ယူရမှာ။ TOFLA အနေနဲ့ ရည် ရွယ်တာ ကဘယ်နိုင်ငံခြားသားနဲ့ ပြောပြော၊ဘယ် အစည်းအဝေး။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ရှောရှောရှူရှူနဲ့ မှန်မှန်ကန်ကန် (အသံထွက်မှန်ဖို့လဲပါတယ်) ပြောထွက်စေချင်တာ။
ကျနော်တို့က English နဲ့ ပါတ်သက်ရင် အရေးနဲ့ အဖတ်မှာ ကောင်းပေမယ့် အပြောမှာတော့..အားနဲ တတ်ကြတယ်။ဒါကလဲ သိပ်အံသြ စရာ မရှိဘူး။ ကျောင်းမှာ က တလျှောက်လုံး အဖတ်နဲ့ အရေး(reading and writing) ပဲသင်ခဲ့ ကြတာကိုး။ ပြောကြဆိုကြတာ(Listening and speaking) က ဘယ်မှာမှ သေချာသင်ကြားမပေးသလို ၊ပြောဖို့ဆိုဖို့ ပါတ်ဝန်းကျင်လဲ မရှိဘူး။ဘာသာစကားတခု ပြောတတ်ဖို့ ဆိုတာ ပြောနေတဲ့ ပါတ်ဝန်းကျင်ဟာသိပ်အရေးကြီးတယ်။
အခုခေတ်ကပြောင်းနေပြီ။နိုင်ငံတကာနဲ့ ဆက်ဆံကြနေပြီ။ ဒီအချိန် မှာ conversation skill (listening and speaking) ပြောဆိုဆက်ဆံကြတဲ့ skill ဟာ ပို အရေးကြီးလာပြီလို့  ဆိုချင်တယ်။ အားလုံးသိတဲ့ အတိုင်းပဲ .စကားပြော တယ်ဆိုတာ.. သူများပြောလိုက်တာလဲ ချက်ချင်းနားလည်၊ကိုယ်ကလဲ ချက်ချင်းပြန်ပြောရ တာပါ။ စာရေး၊စာဖတ်တာ လို စဉ်းစားဖို့အချိန်မရှိဘူး။ နောက်တခုက..စကားပြောတယ်ဆိုတာ..အသံတွေနဲ့ ဆက်သွယ်ကြတာ။ ဒါကြောင့် အသံတွေ၊အသံထွက်(pronunciation) တွေဟာပို အရေးကြီးလာတယ်။ကိုယ့် သိတဲ့အသံထွက်က မှန် နေရင် နားထောင်ရတာလဲ ပိုလွယ်လာသလို ၊ပြောရတာ လဲ ကိုယ်ကိုကိုယ်ယုံကြည်မှု လဲ တက်လာလိမ့်မယ်။
ကျနော်နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ စလုပ်တော့  English စကားပြောတာမှာ စိုးရိမ်စိတ် အမြဲရှိခဲ့တယ်။ ဒါကြောင့်အမြဲ စဉ်းစားမိတယ်။ ကိုယ့်လို ဖြစ်နေနိုင်တဲ့ လူငယ်တွေ (အထူးသဖြင့်နယ်ကလူငယ်တွေ) ကို ဘယ်လို သင်လိုက်ရင် ..လွယ်လွယ်ကူကူနဲ့ မှန်မှန်ကန်ကန်၊ ရှင်းရှင်းလင်းလင်း၊သွက်သွက်လက်လက်(correct,clear and fluent Enlgish) ပြောတတ်မလဲလို့ ။
စဉ်းစားကြည့်တော့..အဲဒီလိုပြောတတ်ဖို့ ဆိုရင် အရေးကြီးတဲ့ အချက်၁၀ ချက်လောက်ရှိတယ် ထင်တယ်။ ဘာသာစကား(English Language)နဲ့ ဆိုင်တာ ၅ ချက်နဲ့ ....စကားပြောမှုနဲ့  ဆိုင်တာ ၅ ချက်ပေါ့။ သွက်သွက်လက်လက်ပြောတတ်ဖို့ဆိုတာ ဘာသာစကား ကျွမ်းကျင်မှု တခု ထဲ ရှိရုံ နဲ့ လုံလောက်မှာမဟုတ်ဘူး။
******* ************
(၂)
Language(ဘာသာစကား)နဲ့ ဆိုင်တဲ့ ၅ ချက် ကတော့ …
(၁)pronunciation အသံထွက်မှန်ရမယ်။(၂) vocabulary and phrase သက်ဆိုင်ရာ စကားလုံးတွေ၊အသုံးအနှုန်းတွေနဲ့ ရင်းနှီးနေရမယ်။ (၃)sentence construction ၀ါကျ ဖွဲ့ စည်းပုံကိုနားလည်နေရမယ်။(၄) နားတွေ။ပါးစပ်တွေကို လေ့ကျင့်ရမယ်(Attune your ear and train your mouth)။ ပါးစပ်နဲ့ စကားပြောမဲ့ ကိစ္စ မှာ ပါးစပ်က ပြောမကြည့်ဘဲ စိတ်ထဲမှာ စကားလုံး၊အသုံးအနှုန်းတွေမှတ်ထားရုံ နဲ့ ဘယ်မှာ ပြောဖို့ အဆင်သင့်ဖြစ်မလဲ။(၅)English စကားပြောနေ တဲ့ ပါတ်ဝန်းကျင်ကိုရှာပြီး ပြောကို ပြောနေ ရမယ်။
အဲဒီအချက်တွေထဲက…(၁)၊ (၄) နဲ့ (၅) အချက်တွေကို ပဲခြုံပြောချင်တယ်။
(ကျန်တဲ့(၂)နဲ့ (၃) ကတော့ အားလုံးလဲ လုပ်နေကြတယ်။English သင်ကြားတဲ့ ဆရာ တွေကလဲ အသေးစိတ်သင်ကြားပေးနေကြတာမို့မပြောတော့ပါဘူး ။ တကယ်တော့ English စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ် ချင်ရင် ..vocabulary ဝေါဟာရ ကြွယ်ဝ မှု က လဲ အရေးပါတယ်။ စကားလုံး တစ်လုံးချင်း ထက် phrase စကားစုလိုက် မှတ်သားတာ ဟာ မြန်မြန် တိုးတက်စေတယ်။ sentence construction ကျွမ်းကျင် ရင် ကိုယ်တွေးမိတာ ကို လွယ်လွယ်ကူကူ ပြောနိုင်လိမ့်ယ်။)
ဒီဆောင်းပါးမှာတော (၁) pronunciation အသံထွက်မှန်ရမယ်... ဆိုတာစပြောချင်ပါတယ်။ ဘာလို့ လဲဆိုတော့  ကိုယ်သိထားတဲ့ အသံထွက်ကမှန်မနေရင် တစ်ယောက်ကြားဆက်သွယ်ပြောဆိုတဲ့ နေရာမှာ..သူတို့ ပြောတာလဲ ကိုယ်က ပြည့်ပြည့်စုံစုံ နားမလည်။ ကိုယ်ပြောတာလဲ သူတို့က ရေရေလည်လည်နားမလည် နဲ့ communication မှာအဆင်ပြေပြေ ရှိမှာမဟုတ်ဘူး။
ကျနော်တို့အသံထွက်တွေ မှာ အားနဲရတဲ့အကြောင်းကတော့ ကျောင်းတွေ က…အဖတ် နဲ့ အရေး(reading and writing) ပဲ ဦးစားပေးသင်ခဲ့ ကြတာကြောင့်လို့ ထင်တယ်။ ကျနော်တို့က အသံ ထွက်ကို စာအုပ်ထဲကvocabulary စာလုံးကို ကြည့်ပြီး မှန်းထွက်လိုက်တာပဲဖြစ်ဖြစ်၊ဆရာ ပြောသလို ပဲဖြစ်ဖြစ်ထွက်ခဲ့တာ။(အချို့ တော့Dictionary ကြည့် ထွက်ခဲ့ကြမှာပါ။)။ဒါပေမယ့်.. အသံထွက်အမှန်ကို ကြားပြီးထွက်ခဲ့တာ မဟုတ်ဘူး။ နောက်ပြီး..ပြောကြဆိုကြတာ(Listening and speaking) က ကျောင်းတွေမှာ သေချာသင်ကြားမပေးသလို ၊ပြောဖို့ဆိုဖို့  ပါတ်ဝန်းကျင်လဲ မရှိဘူး။ ဘာသာစကားတခု ပြောတတ်ဖို့ ဆိုတာ ပြောနေတဲ့ ပါတ်ဝန်းကျင်ဟာသိပ်အရေးကြီးတယ်။
ရှေ့မှာပြောခဲ့သလိုပဲ..စကားပြောတယ်ဆိုတာ..အသံတွေနဲ့ ဆက်သွယ်ကြတာ။ ဒါကြောင့် အသံတွေ၊ အသံထွက်(pronunciation) တွေဟာ ပို အရေးကြီးလာတယ်။ဒါကြောင့်  စကားပြော English(conversational English)မှ စ လုပ်ချင်တယ်ဆိုရင် တော့ အသံထွက်မှန်ဖို့နဲ့ စရလိမ့်မယ်။ တကယ်တော့ English စကားဟာmusical language ပါ။ music လိုပဲ အဖိ၊အဖေါ့ rhythm တွေရှိတယ်။
အဲဒီတော့ ..ကျနော်တို့ မှာ အသံထွက် နဲ့ ပါတ်သက်လို့ဘာတွေ အရေးကြီးသလဲ။
ပထမက အသံတသံချင်း ရဲ့ အသံကို မှန်အောင်စထွက်ရမှာ။ consonant လို့ ခေါ်တဲ့ ဗျဉ်းသံနဲ့ vowel လို့ ခေါ်တဲ့ သရ သံတွေ ကို ပေါ့။ တော်တော်များများမှာကျနော်တို့ အသံထွက်တွေမှန်ကြပါတယ်။ ၅လုံး၊၆လုံး လောက်တော့ ပြန်ပြင်ထွက်ရ မယ်ထင်တယ်။အားလုံးပြန်လေ့ကျင့်တာ အကောင်းဆုံးပါ။
တော်တော်ကောင်းတဲ့ အသံထွက်လေ့ကျင့်ခန်း တခု(audio အသံဖိုင်အပါအ၀င်)ရှိတယ်။ Esther Bruhl ရဲ့  Speak more clearly (pronunciation training )ပါ။ TOFLA မှာလဲသင်ဖို့ ပေါ့။ တကယ်တော့ လူငယ်တွေ အားလုံး အတွက် website ပေါ်မှာ တင်ချင်တာ copyright(မူပိုင်ခွင့်)နဲ့ ညိမှာ စိုးရိမ်နေတာ။(အဆင်ပြေရင် TOFLA website မှာတင်ပေးပါမယ်)။ အဲဒီအထဲမှာပထမ..ဘယ်လိုအသံထွက်ရမလဲဆိုတာ။ ပါးစပ်တွေ၊လျှာတွေ ဘယ်လို ထားရမယ်ဆိုတာရှင်းပြ ထားတယ် ။နောက်နားထောင်ဖို့ ၊လိုက်ဆိုဖို့  နမူနာ စကားလုံးတွေရော။ဝါကျ sentence ရောပါတယ်။ တ်ာတော်အကျိုးရှိပါတယ်။အကောင်းဆုံးနည်း ကတော့  အဲဒီ audio အသံဖိုင်ကို iPod ဖြစ်ဖြစ်၊ ဖုန်းထဲဖြစ်ဖြစ်ထဲ့ပြီး ခဏခဏနားထောင်ပြီး လိုက်ဆိုနေတာပဲ။ နားရော၊ပါးစပ်ရော လေ့ကျင့်ပြီးသားဖြစ်သွားတာပေါ့။ ဒါပေမယ့်ရက်ပေါင်း များစွာ ထပ်ခါတလဲလဲ နားထောင်၊ လိုက်ဆို နေဖို့ လိုတယ်။ကိုယ့်အသံထွက်မှန်သွားအထိပေါ့။
ဒုတိယပြောချင်တာက….စကားလုံးwordတိုင်းရဲ့ နောက်ဆုံးက အသံ။ကျနော်တို့ မြန်မာစကားမှာ ဒီ အသံမရှိဘူး။ဒါပေမယ့်English မှာ ဒီ အသံက တော်တော် အရေးကြီးတယ်။ဥပမာ…cat နဲ့ cap နဲ့ မှာ အဓိက ခြားနားတာက ဒီ အသံပဲ။ cat ဆိုရင် ကက်(တ)ပေါ့။cap ကျတော့ ကက်(ပ)။ ကျနော်တို့ က ကက်လို့ အသံထွက်နေရင်သူတို့ သိပ်နားမလည်ဘူး။ ဒါကြောင့်စကားလုံးတွေ လေ့လာလို့ အသံထွက်တော့မယ်ဆိုရင် ဒီ နောက်ဆုံးအသံပါအောင် ဂရုစိုက် အသံထွက်ကြပါ။
တတိယအနေနဲ့ …word stress။ စကားလုံးတလုံးထဲ က အသံတွေရဲ့ အလေး၊အပေါ့ (stress)ပါ။ word stress လို့ သုံးနှုန်းပါတယ်။ကျနော်တို့ မှာ အဲဒီ stress သံမရှိဘူး။ English word စကားလုံးတလုံးမှာအသံ ၂ သံ ထက်ပိုပါရင် (အသံတသံကို syllable တခုလို့ သုံးနှုန်းကြတယ်)အသံတသံကို ဖိ(stress)လုပ်ထွက်ကြတယ်။ ဥပမာ..morning နဲ့ afternoon ဆိုကြပါစို့ ။ အသံထွက်ရင် ..morning မှာmor ကို stress လုပ်ပြီး အသံထွက်တယ်။ MORning လို့ ပေါ့။afternoon ကျတော့.afterNOON လို့  noon ကို stress လုပ်အသံထွက်ကြတယ်။ ဒါလောက် လေ့ကျင့်နိုင်ရင် သူတို့ ပြောတာလဲ နားလည်၊ကိုယ်ပြောချင်တာလဲ မှန်မှန်ကန်ကန်။ရှင်းရှင်းလင်းလင်း(clear) ပြောတတ်လာပြီ။
ဒီ လို အရှည်ကြီးရေးပြလိုက်လို့ ခက်တယ်တော့မထင်ပါနဲ့ ။ vocabulary,word တွေ၊ Phrase တွေ လေ့လာရင်းအသံထွက် ကို ပါ ဂရုစိုက်စေတာ။ ဘာလို့ လဲ ဆို တော့ စကားပြောတော့မှာလေ။ ဖတ်ဖို့၊ရေးဖို့ တင်မဟုတ်တော့ဘူး။ အခု ခေတ်ပို ကောင်းတာ က online dictionary တွေမှာ အသံထွက် တွေ နားထောင်လို့ ရတယ်။သူတို့ အသံထွက်တဲ့ အတိုင်းလိုက် ထွက်ရုံပဲ။
(နောက်တော့..အသံထွက်နဲ့ပါတ်သက်လို့  sentence stress(sentence ထဲမှာပါတဲ့ အချို့ အရေးကြီး စကာလုံးword တွေကိုstress လုပ်တာ)၊ intonation(အသံအနိမ့်အမြင့်)တွေ ဆက်လေ့လာ၊လေ့ကျင့်စေချငင်တယ်။)
ဒီမှာနဲနဲ အလေးထားပြောချင်တာ က..pause ပါ။ ပြောရင်းခဏရပ်တာပေါ့။ အရေးလဲကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ က ပြောချင်တာ တောက်လျှောက်မနားတန်းပြောတတ်ကြတယ်။(တခါ က ရန်ကုန်မှာEnglish သင်တန်းတခုကို သွားလေ့လာဘူးတယ်။လက်ထောက်ဆရာ က..စာအုပ်ထဲ က စကားပြောတွေ မရပ်မနားတိုင်ပေး။နောက်ကတပည့် တွေက လိုက်ဆိုနဲ့ ။ဒါဟာ သဘာဝ ကျတဲ့ စကားပြောနည်းမှ မဟုတ်ဘဲ။) တကယ်တော့ sentence ၀ါကျ တခုနဲ့ တခု အကြား ရပ်ပြောသင့်တယ်။major pause လို့ သင်ခဲ့ရတာမှတ်မိတယ်။phrase စကားစု တခုနဲ့ တခုကြားလဲ minor pause လေးရှိသင့်တယ်။နားထောင်လို့ လဲ ကောင်းတယ်။သမ္မတ အိုဘားမား စကားပြောတာကြည့်ပါလား။တခါတလေ ရည် ရွယ်ချက်နဲ့ ကို အကြာကြီးရပ်ထားတာ တွေ့ ရ လိမ့်မယ်။
အသံထွက် pronunciation တော့OK သွားပြီဆိုရင် …ခပ်တိုတို dialogue တွေ၊monologue တွေ နားထောင်ကြည့်၊ ပြောကြည့်ကြတော့။ နားတွေ။ပါးစပ်တွေကို လေ့ကျင့်ကြပါ (Attune your ear and train your mouth)။နောက်တော့ story တိုတိုလေးတွေပြောကြည့်ပါ။ storytelling ပုံပြောတာကလဲ တကယ်ထိရောက်တဲ့နည်းပါ။ (TOFLA website မှာလဲ TOFLA မှာ သင်နေတာတွေကိုတင်ပေးပါမယ်)။ English စကားပြော ရှင်ရှင်တွေ။TV ကသတင်းတွေ မှန်မှန် ကြည့်ပါ။အရေးကြီးတာက..Interactive အပြန်အလှန်ပြောနေရမှာ။ သူငယ်ချင်း ၂ ယောက်ပြောကြည့်ကြပါ။
အစမှာပြောခဲ့သလိုပဲ..English စကားပြောတတ်ဖို့ ..စကားပြောနေ တဲ့ ပါတ်ဝန်းကျင်လိုပါတယ်။ စကာင်္ပူမှာToastMaster Club ဆိုတာရှိတယ်။ မိတ်ဆွေ၊သူငယ်ချင်းတွေ ၂ပါတ် တခါ လောက် စုဆုံကြပြီး အကြောင်းအရာအမျိုးမျိုး ကို English လို ပြောကြတာ။ ဒီလိုမျိုး TOFLA မှာ လုပ်မယ်။TOFLA speaking club(TOFLA စကားဝိုင်း)ဆိုပြီးတော့။ အဓိကပြောချင်တာ က..သူငယ်ချင်းတွေ ဆုံရင် English လို ပြောဖို့ ကြိုးစားကြည့်ပါ။English စကားပြောဝိုင်းတွေရှိရင် သွားတက်ကြပါ။်
(ကမ္ဘာ မှာ English စကားကို မိခင်ဘာသာအဖြစ်ပြောတာ..အင်္ဂလိပ်၊အမေရိကန်၊ကနေဒါ နဲ့ သြစတေးလျှားတို့က လူတွေလောက်ပဲရှိတာ၊ ကျန်တာတဲ့ သူတွေ အားလုံးက English စကားဟာ မိခင်ဘာသာစကားမဟုတ်ဘူး။ လူတိုင်း အနဲ့အများတော့ မှားကြတယ်။)
အားလုံးကို ချုပ်ပြောရ ရင် ..အစပိုင်းမှာ grammar,tense တွေ တိကျမှန်ကန် ဖို့ ထက် အသင့်အတင့် သွက်သွက် လက်လက်(fluent) လေးပြောတတ်ဖို့ ၊ ရှင်းရှင်းလင်းလင်း(clear) ပြောတတ်ဖို့  အဓိက ထားပါ။(အသံထွက်မှန်မှန်ကန်နဲ့ နားသင့်တဲ့ နေရာ (pause)နား ပြောရင် ရှင်းရှင်းလင်းလင်း (clear)ရှိသွားပြီ။ကိုယ်ပြောတာ သူများနားလည်သွားပြီ။) (grammar တို့ ၊tense တို့ ကို ...တိကျမှန်ကန်အောင် သိပ်သတိထားလွန်းရင် နှတ် "အ' သွားလိမ့် မယ်။ပါးစပ် က စကားတခွန်းထွက်ဖို့ သိပ်ခက်သွားလိမ့်မယ်။) မှားသွားမှာ ကို လုံးမစိုးရိမ် နဲ့ ။ စိတ်အေးလက်အေးပြောပါ ။များများနားထောင်၊ များများပြောကြပါ။ သိပ်မကြာခင် သွက်သွက် လက်လက် ပြောတတ်သွားလိမ့်မယ်။
******* ******************************
(၃)
Language(ဘာသာစကား)နဲ့မဆိုင်ပဲ English စကားပြောကို အထောက်အကူပြု စေတဲ့  စကားပြောမှုနဲ့ ပါတ်သက်တဲ့အရေးကြီးတဲ့ အချက်တွေလဲ ရှိတယ်....
(၁)ကိုယ်ပြောမဲ့ အကြောင်းအရာကို သိနေရမယ်။ အကြောင်းအရာကို သိနေရင် English Language သိပ် မကျွမ်းကျင်ရင်တောင် နဲနဲ လွယ်လွယ်ကူကူ ပြောဖြစ်သွားမှာ။ဥပမာ..ဆရာဝန် တစ်ယောက်ကို သွေးတိုးရောဂါ အကြောင်းပြောပါဆိုရင်သိပ်မခက်ခဲပဲ English လို ပြောပြနိုင်လိမ့်မယ်။အဲ..ပုဂံ ဘုရားတွေ အကြောင်းပြောပါဆိုရင်တော့(လေ့လာမထားရင်)အကြာင်းအရာကလဲ သိပ်မသိ၊Language ကလဲ မပိုင် ဆိုရင် တော်တော်ခက်လိမ့်မယ်။ဒါကြောင့် English စကား သွက်သွက်လက်လက်ပြောတတ်ဖို့ ကိုယ့် မှာ ပြောမဲ့ အကြောင်းအရာတခုရှိထားပါ။ ဒါမှမဟုတ်ဆွေးနွေးရမယ့် အကြောင်းအရာ ကို သိအောင်လုပ်ထားပါ။
(၂)စကားပြောရတာကို သဘောကြနေရမယ် Enjoy talking ။ စကားပြောချင်နေရမယ်။ ကျနော်သတိထားမိတာတခုက... အနောက်ကလူတွေ(အမေရိကန်၊ဥရောပ၊သြစတေးလျှက လူတွေက) စကားပြောနေရတာကို သဘောကြတာ။သူတို့ နဲ့ တစ်ခရီးထဲ သွားဖြစ်ရင် ပို သိသာတယ်။ကျနော်က ကိုယ့်အတွေးလေးကိုယ်နေချင်နေ။ပါတ်ဝန်းကျင်ကို ကြည့်ချင်ကြည့် ။လို အပ်မှ စကားလေးတခွန်းစနှစ်ခွန်းစပြော..အဲသလို နေချင်တာ။ သူတို့ ကတော(့ဥပမာ လေဆိပ်ကနေ တည်းမဲ့ ဟိုတယ် အထိ) နာရီ ၀က်၊တစ်နာရီ စကားမပြတ်ပြောလာတာ။ စကားများများပြောတော့လဲ စကားပြောလေ့ကျင့်ပြီးသားဖြစ်တာပေါ့။ဒါကြောင့် စကားပြောရ တာကို တော့ နဲနဲ နှစ်သက်ပါလို့ ပြောချင်တယ်။(ဒါကလဲ အရင်က စနစ်ရဲ့အမွေလားတော့မပြောတတ်ဘူး။ နားပဲထောင်၊ပြန်မပြောနဲ့..ဆိုတဲ့စနစ်ကြောင့်လေရှည်ရှည်ကိုမပြောတတ်တော့ဘူး)
(၃)စကားကိုစီကာပါတ်ကုန်းပြောတတ်တာ။ well-organized speech/ကျနော်တို့ က စကားပြောရင် လိုရင်းတိုရှင်းပြောတာကြိုက်တယ်။လျှာရှည်ရင် သိပ်မကြိုက်ဘူး။အဲ..သူတို့ က စကားကို စီကာပါတ်ကုန်း ပြောရတာ ကြိုက်တယ်။ကြည့်ရတာ ကျောင်းက သင်ကြားမှုနဲ့လဲ ဆိုင်ပုံရတယ်။ကျနော်တို့ က စကားပြောတဲ့အတတ်ပညာကို ကျောင်းတွေမှာ သင်ကြားမှု မှ မရှိတာ။Public speaking ကို သင်ကြားပေးမှုအားနဲ တော့ လူရှေ့ထွက်ပြောရ ရင် မှားတော့တာပဲ။ကိုယ့်ပေးချင်တဲ့ message(အကြောင်းအရာ)က မှန်ကောင်းမှန်လိမ့်မယ်။ ဒီသဘောကိုရောက်အောင်အစီအစဉ်တကျ မပြောတတ်တော့(ပြောတတ်အောင် လေ့ကျင့်ခံမထားရတော့) “ပိတ်သလေးနဲ့ ဘေးပစ်” ဆို သလို…နားထောင်လို့ မကောင်းဘူး။ ဒီတော့ စီကာပါတ်ကုန်း(အစီအစဉ်တကျ well-organized )ပြောတတ်အောင်လဲ လေ့ကျင့်ထားရမယ်။
(၄)analytical and critical thinking (ခွဲခြမ်းစိတ်ဖြာ၊ဝေဖန်တဲ့အတွေး)လဲ ရှိရမယ်။ နိုင်ငံတကာညီလာခံတွေ၊အစည်းအဝေးတွေ ဆို..သူတို့ မှာ မေးခွန်းတွေ အမြဲရှိတယ်။မေးလဲမေးကြတယ်။ ကိုယ်ကတော့..အရင်ကတဲက ဆရာသင်တာနားထောင်။လူကြီးပြောတာ နားထောင်။ မှတ်တော့မှတ်ထား ၊ပြန်မမေးနဲ့ (ဝေဖန်အကြံပြုဖို့ဆိုအဝေးကြီး) ဆိုတော့ …တကယ်မေးခွန်း မေးရမယ့်အခြေအနေ ရောက်ရော..ပညာပါတဲ့ မေးခွန်း ကိုသိပ်မမေးတတ်တော့ဘူး။ ပညာပါတဲ့ ဆွေးနွေးမှုတွေ သိပ်မလုပ်နိုင်တော့ဘူး။ ဒါကတော့ နေရာတိုင်း။အခြေအနေတိုင်းမှာကိုယ့်ကိုကိုယ် လေ့ကျင်ယူရမှာ။ကျောင်းတွေမှာ၊နေရာတိုင်းမှာ ဒီလို စနစ် လေ့ကျင့်ပေးရင်တော့အကောင်းဆုံးပေါ့။
(၅)နောက်ဆုံးနဲ့အရေးကြီးဆုံး ကတော့ …ဘာအတွက်မှ စိုးရိမ်စိတ်၊ကြောက်စိတ်မရှိတာပဲ။ အစမှာမှားကောင်းမှားသွားမယ်။ ကိုယ်ပြောချင်တာ၊ပြောသင့်တယ်ထင်တာတော့ရဲရဲ ပြောချလိုက်တာပဲ။ဘ၀ ဆိုတာ မှားလိုက်၊ပြင်လိုက်..နောက်တော့ အမှန်ရောက်နဲ့ သွားနေရတဲ့ခရီးစဉ်ကြီးပဲ။ဒါကလဲ အရင်တုန်းက စနစ်တွေရဲ့ အမွေထင်တယ်တာပဲ။ မှားသွားရင် ပြင်ဖို့ အားမပေးပဲအပြစ်ပဲပြော၊အရေးပဲယူ၊အကဲ့ရဲ့ပဲခံ နေရတဲ့ စနစ်၊အဖွဲ့ အစည်းကြောင့် ..အမှားဖြစ်သွားမှာကြောက်တာနဲ့ ဘာမှ မပြောဖြစ်တော့ဘူး။
*********************************
(၄)
ဒါကြောင့်ဘာသာစကားတခုကို သုံးပြီး တစ်ဦးနဲ့ တစ်ဦး ဆက်ဆံ communicate လုပ်တဲ့ နေရာမှာ ဘာသာစကားကျွမ်းကျင်မှုLanguage proficiency ဖြစ်ဖို့ အရေးကြီးသလို communication skill တွေ၊စကားပြော အတတ်ပညာတွေ၊အထက်ပြောခဲ့တဲ့တွေးပုံ၊တွေးနည်း၊ပြောပုံပြောနည်းတွေ က လဲ အရေးကြီးတယ်။
ဒါကြောင့် English စကားသင်ကြားတဲ့၊သင်ယူတဲ့နေရာမှာ ဒီအချက်အားလုံးကို လွှမ်းခြုံ နိုင်မယ့်  သင်ကြားရေးစနစ်(comprehensive method of teaching) နဲ့ သင်ကြားရင် ပို ထိရောက်မယ်လို့ ယုံကြည်လို့  ဒီစနစ်ကို TOFLA အနေနဲ့  အစပျိုးနေပါတယ်။ ဒီလို စနစ်နဲ့ သင်ကြားမဲ့  classroom ရှိမယ်၊ TOFLA speaking club(TOFLA စကားဝိုင်း)ရှိပါ မယ်။
လူငယ်တွေကို မှန်မှန်ကန်ကန်၊ရှင်းရှင်းလင်းလင်း English ကို သုံးပြီး ကမ္ဘာ့ အဖွဲ့ အစည်းတွေမှာပညာပါပါ ဆွေးနွေး နိင်အောင်၊ဦးဆောင်နိုင်အောင်ပံ့ပိုးပေးဖို့ TOFLA က ရည်ရွယ်တာ။ဆက်သွယ်ချင်ရင်tofla2011@gmail.com နိုင်ပါတယ်။
အဆင်ပြေနိုင်ကြပါစေ နေသွေးမြန်မာ
No comments:
Post a Comment